ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား
ကျနော်ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော်ပြည်သူများကို စကား အနည်းငယ် ပြောကြားလိုပါ တယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုးလှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊ ထောက်ခံစကား ပြောကြားလိုပါ တယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရသတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ ဘ၀လွတ်မြောက် ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက် မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါ တယ်။ ခင်ဗျားတို့တ တွေအားမလျှော့ဘဲ ဆက်ကြိုးစားကြပါ။ ကျနော်အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအားပေး သွားပါ့မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ ဒုတိယတိုက်တွန်း ပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင်တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆိုရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအား လုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာအောင်ကြိုးစား ကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတ ကာကထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်း ကိုဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။ တတိယကတော့ ကျနော် ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့ တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူး တပ်သားအားလုံးကိုသတိ ပေးစကား ပြောလိုပါတယ်။
ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်၁၉၇၆ ခုနှစ်ကတိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆို တဲ့မိန့်ခွန်း တရပ် အသံလွှင့်ပြောဖူး ပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သားများကို ခင်ဗျားတို့ဒီအတိုင်းသွားရင်တော့ အတောမသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရလိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော်ရဲ မှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူ တွေက စွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆို ခဲ့ဖူးပါတယ်၊ အခုခင်ဗျားတို့ဘ၀ကိုပြန်ကြည့် ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာဒေသ တွေမှာ လူမျိုးစုဒေသတွေမှာ ထောင်တွေ အချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့် ခဲ့တာတွေ နည်းသလား။
ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာ ပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့တာ ရောနည်းသလား။ လူအများအပြားကို ဖမ်းဆီး နှိပ်ဆက်၊ ပုဒ်မအမျိုးမျိုး တပ်ပြီး နစ်ရှည်ထောင်ဒဏ်တွေ ချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ်ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာတော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီး သတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုကကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်းကျရင်းနဲ့ ကမ္ဘာ့အလယ်တံတွေးခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီး မဟုတ်လား။
ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့်ခင်ဗျားတို့ အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက် သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါ တော့။ နောက်ဖြေရှင်းနည်းတခုဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေ ရှာတဲ့နည်းကို စမ်းသပ် လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါရစေ။ ခင်ဗျားတို့တကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခုကုလသမဂ္ဂက၀င်ရောက် ဖြန်ဖြေလုပ်ဆောင်ပေး နေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက်လုပ် ဆောင်ကြည့်ပါလို့ တိုက်တွန်းပါရ စေ။ ကဲဒီလောက်ပါဘဲဗျာ။ ။
နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်
|