မဲရုံသွားပြီး ဘာဖြစ်လို့ ကန့်ကွက်မဲ ထည့်ရတာလဲ
ရိုးမမောင်
(၂၀၀၈ ခုနှစ်၊ မတ်လ ၂၇ ရက် )
ကနေ့ (နအဖ)စစ်အစိုးရလုပ်နေတာတွေက လာမယ့်မေလ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ “ထောက်ခံမဲ”တွေ အလုံအလောက် ရရှိဖို့ပဲဖြစ်တယ်။ စာနယ်ဇင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား တွေကနေရေးသားထုတ်လွှင့်ပြသနေတာတွေ အားလုံးရဲ့ တစ်ခုတည်းသော ဦးတည်ချက်ဟာ ထောက်ခံမဲတွေရရှိဖို့ပဲ ဖြစ်ပါတယ်။
လာမယ့် မေလ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ အလုံအလောက်ရရှိမှသာ (နအဖ) စစ်အစိုးရ စိတ်ကြိုက် တစ်ဖက်သတ်ချမှတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် သူတို့မီးကုန်ယမ်းကုန် လှုပ်ရှားဆောင်ရွက် နေကြတယ်။ ပုံစံမျိုးစုံနဲ့ ညစ်ပတ်ဖို့၊ လှည့်စားဖို့၊ လိမ်လည်ဖို့၊ အကြပ်ကိုင်ခြိမ်းခြောက်ဖို့ကိုလည်း အဖက်ဖက်ကပြင်ထားတယ်။ လက်တွေ့လည်း ကျင့်သုံးနေတယ်။
ကျနော်တို့ပြည်သူတွေလုပ်ဖို့က (နအဖ)စစ်အစိုးရလုပ်နေတာတွေနဲ့ ပြောင်းပြန်လုပ်ရမှာ ဖြစ်ပါ တယ်။ (နအဖ) စစ်အစိုးရက “ထောက်ခံမဲ”တွေရဖို့ လုပ်နေတာဖြစ်တယ်။ ကျနော်တို့ပြည်သူ တွေလုပ်ရမှာက “မဲရုံသွားပြီး ကန့်ကွက်မဲ” ထည့်ဖို့ဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံ ဆန္ဒမဲပေးမှသာ အတည်ပြု နိုင်မှာဖြစ်တယ်။ ဒီတော့ ကျနော် တို့ပြည်သူတွေအနေနဲ့ (နအဖ)စစ်အစိုးရ ချပြလာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ကန့်ကွက်မဲတွေ နဲ့ဆန့်ကျင်ပယ်ချ နိုင်ဖို့လိုတယ်။
ဘာဖြစ်လို့ မဲရုံသွားပြီး ကန့်ကွက်မဲထည့်ဖို့ တိုက်တွန်းရတာလဲ။ လှုံ့ဆော်ရတာလဲ။
တစ်ခွန်းတည်းပြောရရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပယ်ချနိုင်ဖို့ပဲဖြစ်ပါတယ်။
(နအဖ)စစ်အစိုးရချပြလာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈)ဆိုတာဟာ စစ်အာဏာရှင်စနစ် တရား ဝင်တည်ရှိစေဖို့နဲ့ စစ်အုပ်စုသားစဉ်မြေးဆက် အာဏာရယူထားနိုင်ဖို့ ရေးသားထားတာပဲဖြစ်တယ်။ ကျနော်တို့ ပြည်သူ များဟာ စစ်အာဏာရှင်စနစ်ကို ပုံစံနှစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အတိတ်သမိုင်းကိုအနည်းငယ် လှည့်စောင်း ကြည့်ကြပါစို့။
တကယ်တော့ စစ်အုပ်စုဟာ ၁၉၅၈ ခုနှစ်မှာ “အိမ်စောင့်အစိုးရ”ဆိုတဲ့နာမည်နဲ့ အာဏာရဲ့ အရသာကို မြည်း စမ်းခွင့်ရသွားခဲ့တယ်။ ဒီလိုခေတ္တခဏ မြည်းစမ်းခွင့်ရသွားတာကို အရသာ တွေ့သွားတယ်။ ဒီတော့ ဒီလိုခေတ္တ ခဏမြည်း စမ်းခွင့်ရတာလောက်နဲ့ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ ဒီတော့ အာဏာကိုထာဝစဉ် ချုပ်ကိုင်ထားနိုင်ဖို့ လုပ်ရတော့ တယ်။ ဒီလိုနဲ့ ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ “တော်လှန်ရေးကောင်စီ”အမည်နဲ့ (၁၉၄၇) အခြေခံဥပဒေကို ဖျက်သိမ်း ပြီး တိုင်းပြည်ရဲ့အာဏာအရပ်ရပ်ကို သိမ်းပိုက်ခဲ့တယ်။
ဒီတော့ ကျနော်တို့ တိုင်းပြည်ရဲ့သမိုင်းမှာ လွတ်လပ်ရေးခေတ်ရဲ့ ပထမဆုံးသောအခြေခံ ဥပဒေ(၁၉၄၇) ကို ဖျက်သိမ်းလိုက်တာ စစ်အုပ်စုပဲ။ တော်လှန်ရေးကောင်စီ အမည်ခံထားတဲ့ စစ်အုပ်စုဟာ (၁၉၆၂)ကနေ (၁၉၇၄)အထိ (၁၂)နှစ် တာ ကာလအတွင်း ဘာအခြေခံဥပဒေမှ မရှိပဲ တိုင်းပြည်ကိုအုပ်စိုးခဲ့တာဖြစ်တယ်။ ကျောင်းသားတွေကို သတ် ဖြတ်ခဲ့တဲ့၊ သမိုင်းဝင် တကသ အဆောက်အဦးကို ဖြိုချခဲ့တဲ့ “၇ ရက် ဇူလိုင်”အရေးအခင်းဟာ အဲဒီကာလ အတွင်းမှာ ဖြစ်ခဲ့တာပါ။ နိုင်ငံရေး ပါတီအသင်း အဖွဲ့တွေကိုလည်း ဖျက်သိမ်းပစ်ခဲ့တာဖြစ်တယ်။
နောက်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့အမည်နဲ့ တစ်ပါတီအာဏာရှင်စနစ်ကို (၁၉၇၄) အခြေခံဥပဒေနဲ့ ဖော်ထုတ်အသက်သွင်းလာခဲ့တယ်။ (၁၉၇၄) အခြေခံဥပဒေဟာ အရင်းစစ် လိုက်ရင် စစ်အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာ ပြည်တွင်းပြည်ပ ကို လိမ်ညာလှည့်ဖြားဖို့ တပ်ဆင်ထားတဲ့ မျက်နှာဖုံးတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ မျက်နှာဖုံးတပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ကိုင်စေစား မောင်းနှင်ခဲ့ သူက တော့ ယနေ့စစ်အုပ်စုရဲ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေ၀င်းပဲဖြစ်ပါတယ်။ ဗိုလ်နေ၀င်းအလိုကျ သမ္မတတွေ၊ ၀န်ကြီးချုပ် တွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေ တက်လုပ်ခဲ့ကြရတာပဲဖြစ်တယ်။ ဗိုလ်နေ၀င်းအလိုမကျသူမှန်သမျှ ဖယ်ရှားခံခဲ့ကြရတယ်။ ဒီ (၁၉၇၄) အခြေခံ ဥပဒေရဲ့ သက်တမ်းဟာ (၁၉၈၈)ခုနှစ်အထိ (၁၄)နှစ် ကြာမြင့်ခဲ့ပါတယ်။ ဒီ(၁၄)နှစ်အတွင်းမှာ (၇၄) (၇၅) (၇၆) စတဲ့ အရေးအခင်းတွေ ဖြစ်ပွားခဲ့တယ်။ အဲဒီကာလအတွင်းမှာပဲ အရှေ့တောင်အာရှမှာ ချမ်းသာကြွယ်ဝ ပါတယ်ဆိုတဲ့ ကျနော်တို့နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဖြစ်သွားရတာပါပဲ။
အဲဒီ တစ်ပါတီအာဏာရှင်စနစ် (၁၉၇၄) အခြေခံဥပဒေကို စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။ ထူးခြားချက်က အဲဒီတစ်ပါတီအာဏာရှင်စနစ် (၁၉၇၄) အခြေခံ ဥပဒေကို ဖျက်သိမ်းပစ်လိုက်သူဟာ ပြည်သူတွေ ပဲဖြစ်ပါတယ်။ (၁၉၈၈)ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနဲ့တိုက်ဖျက်ပစ်လိုက်တာဖြစ်ပါတယ်။ မဆလတစ်ပါတီ အာဏာ ရှင်စနစ်နဲ့ (၁၉၇၄) အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့သော်လည်း စစ်အုပ်စုကို ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတော့ စစ်အုပ်စုက (န၀တ) အမည်နဲ့ တိုင်းပြည်အာဏာ အရပ်ရပ်ကို ချုပ်ကိုင် ထားခဲ့ပါတယ်။ (န၀တ၊ နအဖ) စစ်အစိုးရ က အခြေခံဥပဒေမရှိပဲ အခုလိုအုပ်စိုးခဲ့တာ (၁၉၈၈)ကနေ ယနေ့ (၂၀၀၈) အထိ နှစ်ပေါင်း(၂၀)ရှိပါပြီ။
(၁၉၉၀)ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်း မပေးပါဘူး။ သူတို့ချမှတ်ပြဌာန်းထားတဲ့ ဥပဒေတွေ၊ အမိန့်ကြေညာချက်တွေကိုလည်း ဂရုမစိုက်ပါဘူး။
ယခု သူတို့စိတ်ကြိုက် အခြေခံဥပဒေတစ်ခုကို ရေးဆွဲထားပါတယ်။ (န၀တ၊ နအဖ) ထုတ်ပြန် ထားတဲ့ ကြေညာချက်အမှတ် (၁/၉၀)အရပဲကြည့်ကြည့်၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရပဲကြည့်ကြည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရမယ့်ပုဂ္ဂိုလ်တွေဟာ (၁၉၉၀)ပြည့်ရွေးကောက်ပွဲမှာ အရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်သာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒါနဲ့ပြောင်းပြန်ပဲ ပြုလုပ်ခဲ့ ပါတယ်။ သူတို့စိတ်ကြိုက် ဦးတည်ချက်တွေ၊ အခြေခံမူတွေ၊ အသေးစိတ်အခြေခံမူတွေကို တစ်ဖက်သတ် ချမှတ်ခဲ့ကြပြီး ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီိလိုရေးဆွဲနိုင်ဖို့အတွက် ညီလာခံကိုလည်း (၁၄)နှစ်နီးပါးကြာအောင် ကျင်းပခဲ့တာ ဖြစ် ပါတယ်။
ယခု သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို လာမယ့် မေလပြည်လုံး ကျွတ် ဆန္ဒခံယူပွဲမှာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကျနော်တို့ပြည်သူများရဲ့တာဝန်က ဒီအခြေခံဥပဒေ မူကြမ်း (၂၀၀၈)ကို အတည် မပြုနိုင်ဖို့၊ ကန့်ကွက်ပယ်ချနိုင်ဖို့ လုံးပမ်းရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ခပ်တိမ်တိမ်တွေးပြီး ဒူးထောက်အရှုံးပေးချင်သူ တချို့ရဲ့ ပြောစကား တွေနဲ့ေ၀၀ါးနေရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို အတည်မပြုနိုင် အောင် ဆန့်ကျင်မဲပေးပြီး ကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။ တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။
ဒီအတွက် ပြည်သူများဟာ မဲရုံသွားပြီး ကန့်ကွက်မဲပေးဖို့ လိုအပ်ပါတယ်။
မဲရုံကိုသွားရမယ်။ ကန့်ကွက်မဲပေးရမယ်။ ဒီတာဝန်ကို ကျနော်တို့ပြည်သူတွေ တစ်ဦးချင်းစီက ရဲရဲဝံ့ဝံ့ ဆောင် ရွက်နိုင်ဖို့ လိုပါတယ်။ ဒီကနေ့ ပြည်သူအားလုံးရဲ့ တစ်ခုတည်းသော တာဝန်နဲ့ ဦးတည်ချက်က မဲရုံသွားပြီး ကန့်ကွက်မဲ ပေးဖို့ပဲဖြစ်ပါတယ်။ ဒါဟာ လူထုတိုက်ပွဲဖြစ်ပါတယ်။ အသံတိတ်ဆင်နွှဲရမယ့် လူထု တိုက်ပွဲလည်းဖြစ်ပါတယ်။
အတိတ်သမိုင်းမှာ -
စစ်အုပ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့တယ်။
စစ်အုပ်စုဟာ ဖွဲ့စည်ပုံအခြေခံဥပဒေ မရှိပဲနဲ့လည်း အုပ်စိုးခဲ့တယ်။
စစ်အုပ်စုဟာ သူတို့စိတ်ကြိုက်တစ်ဖက်သတ်ရေးဆွဲအတည်ပြုခဲ့တဲ့ မဆလတစ်ပါတီအာဏာရှင် စနစ် မျက်နှာ ဖုံးစွပ်ထားတဲ့ (၁၉၇၄) အခြေခံဥပဒေနဲ့ လည်း အုပ်စိုးခဲ့တယ်။
ယခုလည်း (နအဖ) စစ်အုပ်စုကသူတို့စိတ်ကြိုက်တစ်ဖက်သတ်ရေးဆွဲထားတဲ့“စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီစနစ်” မျက်နှာဖုံးစွပ်ထားတဲ့ အခြေခံဥပဒေနဲ့ နောက်ထပ်အုပ်စိုးနိုင်ဖို့ ကြိုးပမ်း လာနေတယ်။ ဒါကို ကျနော်တို့ ပြည်သူအားလုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချ နိုင်ဖို့ လိုအပ်ပါတယ်။
ဒီအတွက် လာမယ့် မေလ မှာမဲရုံသွားပြီး ကန့်ကွက်မဲပေးဖို့လိုအပ်ပါတယ်။
မဲရုံသွားပြီး ကန့်ကွက်မဲပေးကြစို့။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ကန့်ကွက်မဲပေးကြစို့။
|