d
OFFICIAL WEBSITE OF FORUM FOR DEMOCRACY IN BURMA

d





“စင်္ကာပူ ထုတ်ပြန်ကြေညာချက် ” ရဲ့ နောက်ဆက်တွဲဂယက်များ

ခုတလော နအဖရဲ့ မူပိုင်သတင်းစာတွေထဲက တစောင်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာကို ရက်ဆက် ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ပြီးလည်း ပြုံးမိတယ်။ သို့သော် ဆရာကြီး ဒဂုန်တာရာရဲ့ အပြုံးမျိုးတော့မဟုတ်။ ဆရာကြီးက အပြုံးကို ဘရိတ်အုပ်တတ်တယ်။ ကျနော်ကတော့ ပြုံးပြီးနောက် ကြေနပ်အားရစွာ ရယ်မောမိတယ်။ သတင်းစာဖတ်ရင်း ဒီလိုခံစားမှုမျိုးကိုဖြစ်စေ တဲ့ သတင်းတချို့ကြောင့် အဲဒီလို ဖြစ်သွားတာလို့ပဲ ထင်ပါတယ်။

အခုတလောဖတ်ဖြစ်တဲ့ သတင်းစာပါ အကြောင်းအရာကြောင့် ငယ်စဉ်က နားရည်ဝခဲ့ရတဲ့ ဇာတ်သံကို ပြန်ပီးကြားမိတယ်။ အဲဒါကတော့ “ဒီမှာ ကိုစောခိုင် ...မကြောက်ပါနဲ့၊ ကျနော် မိုးပေါ်ထောင် ပစ်လိုက်တာပါ ဟဲ..ဟဲ.. ဟဲ...” ဆိုတဲ့ ဇာတ်လိုက်က သူပြိုင်ဘက်ကို ရယ်သွမ်းသွေးပြီး ပြောလိုက်တဲ့ စကားတခွန်းရဲ့အသံ။ သို့သော် သတင်းစာဖတ်ပြီးတိုင်း အခုကိစ္စဟာ ဇာတ်လိုက်က မိုးပေါ် ထောင်ပစ်လိုက်တာ မဟုတ်ဘူးဆိုတာ ချက်ချင်း သတိပြုလိုက်မိတယ်။ အဲဒီနောက်တော့ ပြောစရာ အနည်းငယ် ရှိလာပါပြီ်။ အခုပြောမယ့် အကြောင်းအရာက မိုးပေါ်ထောင်ပစ်လိုက်တာ မဟုတ်ဘဲ ပစ်ကွင်းများကို တည့်တည့်ချိန်ပြီး ပစ်ခတ်လိုက်တဲ့ မြှားတစင်းရဲ့ ထိရောက်မှု စွမ်းရည်အကြောင်း ဖြစ်ပါတယ်။

အဲဒီမြှားတစင်းကတော့ နိုဝင်ဘာ(၈) ရက်နေ့ စင်္ကာပူမှာထုတ်ပြန်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်ပဲ ဖြစ်ပါတယ်။ ပစ်မှတ်များစွာကို ထိမှန်နိုင်အောင် ပစ်နိုင်စွမ်းရှိတဲ့ ဒီထုတ်ပြန်ကြေညာချက်အကြောင်းကို တွေးမိပီး ပြုံးတာ၊ ရယ်တာ ဖြစ်စေခဲ့ ရလို့ပါ။

နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို ဦးဆောင်တိုက်ပွဲဝင်နေသူ၊ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သူမရဲ့ သဘောထား ထုတ်ပြန်ချက်ကို စင်္ကာပူကနေပီး ကမ္ဘာကြီးသို့ လွန်ခဲ့သော (၃) ပတ်ကျော်က လွှင့်ထုတ်လိုက်တယ်။ ပြည်တွင်းမှာ ထုတ်ပြန်ကြေညာခွင့် မရရှိနိုင်လို့ ဒီလို လုပ်လိုက်ရပေမဲ့ ဒီကြေညာချက်ရဲ့ အတိုင်းအတာ ပမာဏက ကျယ်ပြန့်ပြီး နက်ရှိုင်းလှတယ်။ ဒီကြေညာချက်ရဲ့ ဂယက်က နိုင်ငံတကာနဲ့ ပြည်တွင်းကိုပါ ရိုက်ခတ်မှုအား ကြီးပါတယ်။ အထူးသဖြင့် သူမရဲ့ ကြေညာ ချက်ဟာ ပြည်သူများ၊ ဒီမိုကရေစီ အင်အားစုမျာနဲ့ နအဖစစ်အစိုးရတို့အပေါ်မှာ မတူညီတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်ပေါ်စေ လိုက်တယ်။ တဆက်တည်းမှာပဲ မတူတဲ့ရိုက်ခတ်ခံရမှု တွေအတိုင်း၊ မတူခြားနားတဲ့ တုန့်ပြန်ပြောဆိုမှုတွေကို နေ့စဉ်ရက်ဆက် ကြားခဲ့ ရတယ်။

ဒီထုတ်ပြန်ကြေညာချက်ရဲ့ ဂယက်ကြောင့် ပြည်သူလူထုတွေကို အားတက်ရွှင်လန်း ဖြစ်စေ ခဲ့ပြီး ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်နေကြတဲ့ အင်အားစုတွေအတွက် တွန်းအားတရပ် ဖြစ်စေခဲ့တယ်။ သို့သော် စက်တင်ဘာ အရေးအခင်းကြောင့် တွေ့ဆုံ ဆွေးနွေးရေးစကား မပြောချင်ဘဲ ပြောလာရတဲ့ နအဖစစ်အုပ်စုအတွက်တော့ အခက်တွေနဲ့ အရှက်တွေ တွေ့ပြီး ရင်း တွေ့နေတော့တာပါပဲ။

နအဖ စစ်အုပ်စုဟာ ဒီအခက်တွေဖြေဖို့၊ ဒီအရှက်တွေပြေဖို့ နည်းလမ်းရှာ လုပ်ဆောင်လာရ တော့တယ်။ ဒီ “ထုတ်ပြန် ကြေညာ ချက်” တစောင်ကြောင့်ပဲ ဘယ်နေရာမဆို သူများရဲ့ အထက်က နေချင်တဲ့၊ သူတကာနဲ့ ကြမ်းတပြေးတည်း မထိုင်ချင်တဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီး များရဲ့ ဘဝင်မြင့်တဲ့စိတ်ဟာ ငုတ်နေရာမှ လှုပ်ရွလာတယ်။

ဘာပဲဖြစ်ဖြစ် “စင်္ကာပူကြေညာချက်” ကတော့ဖြင့် နအဖ စစ်ဗိုလ်ချုပ်ကြီးများရဲ့ “ဟတ်တ် ” (Heart)ကို တိတိပပ ထိမှန် သွားတယ်ဆိုတာ အခုတလောသတင်းစာ (နိုဝင်ဘာ ၁၄ရက်မှ ၂၆ ရက်ထိ ပါရှိတဲ့ တန်ပြန်ထုတ်ပြန်ချက်)များကို လေ့လာခြင်းအားဖြင့် သိသာလှပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “စင်္ကာပူထုတ်ပြန်ကြေညာချက်”ဟာ သူမရဲ့ နိုင်ငံရေးသဘောထားကို အကျဉ်းအကြပ် ထဲကနေပြီး အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ အတိုဆုံး နည်းနာဖြင့် တိုင်းပြည်သို့ တင်ပြအစီရင်ခံနေတာဖြစ်တယ်။ ဒါဟာ တာဝန်သိသူ တယောက် တာဝန်ရှိရှိ လုပ်ဆောင်လိုက်တဲ့ လုပ်ငန်းအစီရင်ခံမှုဖြစ်တယ်။

ဒီထုတ်ပြန်ကြေညာချက်ကို နားလည်ခံစားနိုင်ဖို့ဆိုရင် အနိမ့်ဆုံး မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်တော့ ဓါတ်ခံရှိရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ တကယ်အခြေအနေမှန်ကို ကြည့်မြင်နိုင်တဲ့ ဘယ်သူမဆို ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး သံသယရှိစရာအဖြစ် မမြင်ကြပါ။ ဒါကြောင့်လည်း ဒီထုတ်ပြန်ကြေညာချက်ကို ပြတ်ပြတ်သားသား ထောက်ခံကြ၊ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာပဲ မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ “စင်္ကာပူထုတ်ပြန်ကြေညာချက်” ထွက်ပေါ်လာပြီးနောက်မှာတော့ နအဖ စစ်ဗိုလ်ချုပ်ကြီးများအတွက် အလုပ်တခု တိုးပွားလာပြန်တယ်။ ဒီကြေညာချက်ကို တုန့်ပြန်ဖို့ရန်အတွက် နေ့မနား၊ ညမအား ဒေသများစွာသို့ စည်းရုံးသိမ်းသွင်းရေး လုပ်ငန်း စဉ် စတင်ရတော့တယ်။ အဲဒီနောက် နိုဝင်ဘာ(၁၄)ရက်ကစပြီး စင်္ကာပူကြေညာချက်ကို တုန့်ပြန်ဖို့ သူတို့ရဲ့ လက်ကတုံး တောင်ဝှေး အဖွဲ့အစည်းပေါင်းစုံကို လက်ပူတိုက်ပြီး သဘောထားကြေညာချက်များ ထုတ်စေခဲ့တယ်။

နိုဝင်ဘာ (၂၆)ရက်နေ့အထိ သတင်းစာများမှာ နေ့စဉ်ရက်ဆက် ဖော်ပြခဲ့ကြတယ်။ ကြေညာ ချက်ကို ကြေညာချက်နဲ့ တန်ပြန်တိုက်ခိုက် လိုက်တဲ့သဘောပါ။ ဒီတန်ပြန်သဘောထား ထုတ်ပြန်ဖို့ ပွဲဥိးထွက်မဲကျသူတွေကတော့ နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းများ ဖြစ်ပါတယ်။ အဲဒီနောက်တော့ အခြားအဖွဲ့အစည်း များဟာ အစီအစဉ်အတိုင်း လိုက်ပါပြီး ထုတ်ပြန် ရတော့တာပါပဲ။ တန်ပြန်သဘောထား ထုတ်ပြန်တဲ့ အဖွဲ့အစည်းပေါင်း (၇၀) (၁၄.၁၁.၀၇ မှ၂၆.၁၁.၀၇ထိ) ရှိပါတယ်။ ဒီအဖွဲ့တွေကို ထပ်မံ ခွဲစိတ်ကြည့်မယ်ဆိုပါ က ယေဘူယျအားဖြင့် အုပ်စု(၆)ခု ခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့-
(၁) နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု(ငြိမ်းအဖွဲ့) ၂၂ ဖွဲ့
(၂) ရှမ်းပြည်နယ်က ပြည်သူ့စစ်အဖွဲ့ (မဆလလက်ထက်ကဖွဲ့စည်းခဲ့) ၁၀ ဖွဲ့
(၃) နအဖရဲ့ ဖိအားအမျိုးမျိုးကြောင့် အပြီးပိုင် လက်နက်စွန့် အပ်နှံရတဲ့ အဖွဲ့ ၆ ဖွဲ့
(၄) မဆလ နိုင်ငံရေးအမွေခံ (တစည) ပါတီအပါဝင်အခြား နအဖကိုထောက်ခံတဲ့
တရားဝင် ပါတီအဖွဲ့အစည်းပေါင်း ၈ ဖွဲ့
(၅) အမျိုးသားညီလာခံမှ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့ (ပြည်နယ်/တိုင်း) ၁၆ ဖွဲ့
(၆) နအဖရဲ့ လက်ခွဲ အရပ်သားအဖွဲ့အစည်း(ကြံဖွံ)နဲ့ အခြားလက်ကိုင်တုတ်အဖွဲ့များ ၈ ဖွဲ့
.......... စသည်တို့ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းတွေရဲ့ သဘောထားထုတ်ပြန်ကြေညာချက် ဆိုတာတွေကို ဖတ်ကြည့် မယ်ဆိုရင် နအဖရဲ့ ရင်တွင်းဖြစ် ဝေဒနာတွေကို အထင်းသား မြင်တွေ့နိုင်တယ်။ ကြေညာ ချက်တိုင်းမှာ ပါဝင်ရမယ့် အချက်တွေကိုလည်း လမ်းညွှန်ချမှတ်ပေးပြီး ရေးခိုင်း ထားတာကိုပါ တွေ့ရသေးတယ်။ ထို့အပြင် သူတို့ကိုယ်တိုင်ရေးပြီး အဖွဲ့အစည်းတွေရဲ့ အမည်ကိုယူသုံးလိုက် တာဆိုပြီး သံသယ ၀င်ချင်ရင်လဲ သံသယ၀င်လို့ ရသေးတယ်။ ၎င်း တန်ပြန်ကြေညာချက် များတွင် အဓိက ပါဝင်စေရမည့် အချက်အလက်တွေကတော့-

• ဒေါ်အောင်ဆန်းစုကြည်ရဲ့“စင်္ကာပူထုတ်ပြန်ကြေညာချက်” မှာပါရှိတဲ့ အချက်တိုင်းကို သက်ဆိုင်ရာ အုပ်စုတွေက သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဆန့်ကျင်တာ၊ ကန့်ကွက် တာ၊ သဘောမတူတာ၊ သက်သက် ညှာညှာသတိပေးလိုက်ကြောင်း စတဲ့ သဘောထားမျိုးနဲ့ ဖော်ပြပေးရတယ်။ (ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ တွေကို စိစစ်ကြည့်ရင်-- နိုင်ငံရေးအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားကိစ္စများအပေါ် တာဝန်ယူ မှုနဲ့ပြောထားတဲ သူမရဲ့စကားအား မချိတင် ကဲ ပြန်လည်ပြောဆိုထားခြင်း၊ ထိုကြေညာချက် က နအဖအပေါ် နိုင်ငံရေးအမြတ်ထုတ်တာဖြစ်ခြင်း၊ အခြားအင်အားစုများကို ဖိတ်ခေါ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပီး ငြူစူစကားပြောဆိုထားခြင်း၊ မူဝါဒလမ်းစဉ် (၇) ရပ်ကို မျက်ကွယ်ပြုထားခြင်း၊ စင်္ကာပူ ထုတ်ပြန်ကြေညာချက်ဟာ ပြည်ပအားကိုးပီး ထုတ်ပြန်ထား တာဖြစ်ခြင်းနဲ့ သူမက ညီလာခံကို အသိအမှတ်ပြုထားတာ မတွေ့ရကြောင်း တန်ပြန် ကြေညာချက်များမှာ အသားပေးဖော်ပြထားပါတယ်)။

• ညီလာခံကချမှတ်တဲ့ အခြေခံမူများနှင့် အသေးစိပ်အခြေခံရမည့်မူများကိုထောက်ခံကြောင်း။
• မူဝါဒလမ်းစဉ်(၇)ရပ်ရဲ့ တတိယအဆင့်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင်တွင် တိုင်းရင်းသား၊ ဥပဒေပညာရှင်များကို ပါဝင်စေပြီး တာဝန်ပေး အပ်ခြင်းအပေါ် ကြိုဆိုထောက်ခံကြောင်း။
• မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်တဲ့အထိ မမှိတ်မသုန် ဆက်လက်အကောင်အထည်ဖော်ရာ တွင် တပ်မတော်အစိုးရ (၀ါ) နိုင်ငံ တော်အစိုးရနှင့် အပြည့်အ၀ပူးပေါင်းပါမည်ဟု ကတိပေး ရတာမျိုး ---စတဲ့ သဘောထားမျိုးနဲ့ ထုတ်ပြန်ပေးရတယ်။

ဒီတန်ပြန်သဘောထား ထုတ်ပြန်ကြေညာချက်များရဲ့ တကယ့်အနှစ်သာရကို နားလည်ကြည့် မယ်ဆိုရင် အနည်းဆုံး ငြင်းမရနိုင်တဲ့ အချက်သုံးချက်ကိုတော့ မုချတွေ့ရလိမ့်မယ်။ အဲဒါတွေကတော့ ---
• ဒေါ်အောင်ဆန်းစုကြည်ရဲ့ “စင်္ကာပူထုတ်ပြန်ကြေညာချက်”ကို လက်တုံ့ပြန်ထားခြင်း။
• ဗမာပြည်နိုင်ငံရေးနဲ့ပက်သက်တဲ့ နအဖရဲ့ သဘောထားရပ်တည်ချက်များ အပြောင်းအလဲ လုံးဝမရှိကြောင်း ဖေါ်ပြထားခြင်း။
• နအဖရဲ့သြဇာအာဏာက တိုင်းရင်းသားအဖွဲ့အစည်း (အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်း)များအပေါ် အတိုင်းအတာ ဘယ် လောက်အထိ သက်ရောက်မှု ရှိတယ်ဆိုတာ ပြသလိုခြင်း --- စတာတွေပါပဲ။

မည်သို့ပင်ဖြစ်စေကာမူ နအဖအစိုးရအနေနဲ့ ပြည်တွင်းပြည်ပ ဖိအားတွေအောက် နိုင်ငံရေး အကျပ်အတည်း ရှိနေမှုကို ရှောင် ရှားလိုတယ်။ ထို့ကြောင့် ၎င်းအားထောက်ခံတဲ့ အဖွဲ့အစည်း တွေ ရှိနေကြောင်း ထုတ်ဖော်ပြသဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီလတ်တလောပြဿနာကို လက်တုံ့ပြန်နိုင်ဖို့အတွက် ၎င်းကိုထောက်ခံတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားတွေကို ရတဲ့နည်းလမ်းဖြင့် လိုက်လံစုဆောင်ပီး အချိန်မီ ထုတ်ပြန်လိုက်ရခြင်းဖြစ်တယ်။

နအဖကတော့ သူ့မှာ တကယ့် နိုင်ငံရေး အကျပ်အတည်း မရှိသယောင်နေပြတယ်။ ပြီးတော့ ငြိမ်းအဖွဲ့များနဲ့အခြားအဖွဲ့များကို နအဖရဲ့ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေး အတွေးအခေါ်တွေ တတ်ဆင်ပေးပြီုး ဘန်းတင်ပွဲထုတ်လာရတော့တာပါဘဲ။ ဒါမျိုးလုပ်တာကို ကြောင်လက်နဲ့ ပြာပူယက်ခိုင်းလိုက်တယ်ဆိုတာ ကလေးတောင်သိပါတယ်။ငြိမ်းအဖွဲ့တွေဘက်ကဆိုရင်လည်း သူတို့ဆန္ဒနဲ့ လုပ်လိုက်ကြတာ ဖြစ်စေ၊ ဆန္ဒနဲ့မဆိုင်ဘဲ လိုက်ပါပြီး လုပ်ဆောင်ပေးရတာ ဖြစ်စေ၊ ရလာဒ်ကတော့ ရန်မီးအဝိုင်းခံနေရတဲ့ နအဖခံစစ်ကုန်းအတွက် ခံကတုတ်ငယ်အဖြစ် လုပ်ပေးရတဲ့ နိုင်ငံရေးအဆင့်နေရာကလွဲပြီး အခြားဘာမျှ မဖြစ်နိုင်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ “စင်္ကာပူထုတ်ပြန်ကြေညာချက်” ဟာ တိုတောင်းပါတယ်။ သို့သော် ကြေညာချက်ပါ အကြောင်းအရာ များက မျက်မှောက် ဗမာပြည်နိုင်ငံရေး အခြေအနေကို လိုရင်းတိုရှင်း ဖော်ပြပေးနိုင်တယ်။ ပြီတော့ နှစ်ပေါင်းများစွာ ဖြစ်တည်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်ဖို့ လမ်းစရှာထားတဲ့ နိုင်ငံရေးဖန်တီးမှုတခုဖြစ် တယ်။ ဒီအချက်အလက်ကို တကယ်တမ်း မျိုးချစ်စိတ်၊ ပြည်ချစ်စိတ် အရင်းခံနဲ့ နားလည် ယူနိုင်ကြမယ်ဆိုရင် အဆိုပါ တန်ပြန်သဘောထားကြေညာချက်တွေ ပေါ်ထွက်လာ နိုင်စရာ မရှိပါ။

သို့သော် ”စင်္ကာပူ ထုတ်ပြန်ကြေညာချက်”ကို တန်ပြန်ကြေညာချက်များဖြင့် မိမိတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လူသိ ရှင်ကြား ဖော်ပြခဲ့ကြရပြီ။ နောင်ဖြစ်ပေါ်လာမဲ့ သမိုင်းဆိုင်ရာ ကိစ္စရပ်များကိုတော့ အဲဒီ အဖွဲ့များ အနေနဲ့ ကိုယ့်တာဝန်ကိုယ် ယူကြဖို့ပဲရှိပါတော့တယ်။

(နောင်ကြီး)
၂၇.၁၁.၂၀၀၇

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
[TOP]

"Quote of the Week"

"ကျောက်နံရံများ ကာရံထား လည်း ထောင်က မဖြစ်လာနိုင် ပါဘူး။
သံတိုင်းသံချောင်းများ စိုက်ထူ ထားလည်း လှောင်ချိုင့်ဖြစ်မလာ နိုင်ပါဘူး။ အထဲမှာရှိနေသူများဟာ အပြစ်မဲ့ တဲ့လူတွေ ငြိမ်းချမ်း စိတ်ငြိမ်တဲ့ စိတ်ထားရှိသူတွေသာ ဖြစ်နေခဲ့ ရင်တော့ ဒါတွေဟာ ကျောင်း သင်္ခါန်းတွေပါပဲ။"

ရစ်ချဒ်လဗ်လေစ့်
(၁၆၁၈-၁၆၅၇)

 



She Must Be Free


Joint statement

©2006 Forum for Democracy in Burma
With support of the Denish Burma Committee
Website design by FDB Meida Team