စစ်အာဏာရှင် ဆက်ထုံးကို ဖြတ်ပစ်ရမည် . . . (e-bulletin – 8 / 2010)
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး။ အပစ်ရပ် အဖွဲ့အစည်းများထဲက စစ်အုပ်စုအပေါ် ဒူးထောက် အညံ့မခံပဲ နယ်ခြားစောင့်တပ်ဖွဲ့ရေး၊ ပြည်သူ့စစ်ဖွဲ့ရေး လက်မခံတဲ့ တုန့်ပြန်မှုများ။ ဒါတွေဟာ စစ်အာဏာရှင် သက်ဆိုးရှည်မယ့်၊ တရားဝင် စစ်ကျွန်ပြု၊ တိုင်းပြည်နဲ့ ပြည်သူကို ဟောင်းနွမ်း ခေတ်နောက်ကျပြီး ပြည်တွင်းစစ် သက်ဆိုးရှည်မယ့်၊
ဒီမိုကရေစီမိုးမှောင်ကျမယ့် အဖြစ်ဆိုးတွေကို တားဆီးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးက စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီကြရင်း စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။
နိုင်ငံရေးဆိုတာ “မစားကောင်းတဲ့အသီး” ၊ “ဘဝပျက် သွားမယ်” ဆိုပြီး ကိုယ်တစ်ယောက်ထဲ ကြောက်အား ပိုရုံတင်မကဘူး၊ အခြား တက်ကြွလှုပ်ရှား လိုသူတွေကိုပါ တဖက်လှည့်နဲ့ တားမြစ်ချောက်လှန့်တတ်ကြပါသေးတယ်။ (နအဖ) စစ်အုပ်စု စပွန်ဆာ လုပ်ပေးတဲ့ စည်းဝိုင်းထဲက နိုင်ငံရေးပဲ လုပ်နေမယ်ဆိုရင် အန္တရာယ်ခပ်သိမ်းကင်းငြိမ်း နိုင်မယ်လို့ ဘယ်သူပြောဝံ့သလဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ချောင်းသာကမ်းခြေ သဲသောင်မြေပေါ်မှာ အပန်းဖြေ လမ်းလျှောက်တာမှမဟုတ်တာ။
“အပြောင်းအလဲ”ဆိုတာကို အာဏကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။
“အပြောင်းအလဲ”ဆိုတာမှာ အမြင့်ဆုံးမူ ပေါ်လစီတွေကနေ စပြီး၊ ရာထူးအဆင့်တာဝန်အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန်အပြောင်းအလဲ လုပ်တယ်ဆိုတဲ့နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ / ခန့်အပ်တာ / ပြောင်းရွှေ့တာ / အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။ အာဏာကို စိတ်ကြိုက်ကိုင်တွယ်ထားနိုင်တဲ့ ကာလအထိတော့ “အပြောင်းအလဲ” မှန်သမျှကို စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဘယ်သူကမှ ဦးနင်းပဲ့ထောင် မလုပ်ဝံ့ဘူး။ မီးသေတယ်လို့ ပြောရမယ်ထင်ပါတယ်။
“တစ်ဖက်သား နားခံသာအောင် ပြေပြေပြစ်ပြစ်ရေးပါ။ ဒေါသတွေ မပါအောင် ဂရုစိုက်ပါ” လို့ တဖွဖွသွန်သင် ဆုံးမခဲ့တဲ့ လူကြီးသူမများရဲ့ စကားတွေကို အမြဲနားထဲမှာ ကြားယောင်နေပေမယ့် အလိမ္မာဖက်ပြီး မရေးတတ်ခဲ့ဘူး။ စာတွေဖတ်ရင်း ဒေါသက ဖြစ်လာတော့ စာတွေမှာပါ ဒေါသက ပါသွားပါတော့တယ်။ ချွန်းအုပ်လို့ကိုမရဘူး ဖြစ်နေတယ်။ စာနယ်ဇင်းသမားလုပ်လာတဲ့ နှစ်ပေါင်းလေးဆယ်ကျော်၊ ငါးဆယ်နီးပါးအတွင်းမှာ ကိုယ်ရေးတဲ့စာကို မကြိုက်လို့ ဝေဖန်တာမျိုးတွေ ရိုးနေပါပြီ။ တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးပါဘူး။ တစ်ခါမှလည်း ပြန်မချေပခဲ့ပါဘူး။
ဒီသမိုင်းအကွေ့မှာ လူငယ်တွေကို ဘယ်လိုမျိုးဆက် သစ်လဲလို့ စမ်းသပ်မယ့် အဓိက မှတ်ကျောက်ကတော့ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လို သဘောထား သလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီတနိုင်ငံလုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်မလား၊ ဒါကြီးကို မှီပြီး ကိုယ့်တကိုယ် ကောင်းစားမယ့် လမ်းကို ရှာမလား ဆိုတာဟာ နိုင်ငံရေးအင်အားစုတွေ အားလုံးအတွက် ဓာတုဗေဒ စမ်းသပ်ခန်းထဲက လစ်တ်မတ်စ်ပေးပါပါပဲ။ ဗိုလ်သန်းရွှေတို့ နအဖ စစ်အုပ်စုရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား၊ အာဇာနည်သူရဲကောင်း အထောင်အသောင်းရဲ့အရေးတော်ပုံကိုဆက်ခံမယ့် မျိုးဆက်သစ်လားဆိုတာ ကိုယ့်အခန်းကိုယ် ရွေးခြယ်ဆုံးဖြတ်ရမှာပါ။
ကျနော်တို့က မှတ်ပုံမတင်ဘူးဆိုတာက သာမန်အားဖြင့် တော့ အတိုဆုံးပြောရရင် ကျနော်တို့က မတင်ချင်လို့ နိုင်ငံရေးကို မလုပ်ချင်လို့ လက်မြှောက်ချင်လို့ ကျောခိုင်းချင်လို့ ဒီလိုလုပ်တာမဟုတ်ဘူး။ ကျနော်တို့ဟာ တင်လို့ကို မဖြစ်နိုင်အောင် မတရားတဲ့ရွေးကောက်ပွဲ ဥပဒေတွေကနေ ကန့်သတ်ထားလို့ မတင်ဘူးလို့ ဆုံးဖြတ်လိုက်တာပေါ့။ ရွေးကောက်ပွဲကို မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခြင်းဟာ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်တာနဲ့ အတူတူပဲ။ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်မခံဘူး ငြင်းပယ်တယ်ဆိုတာကို ဆုံးဖြတ်တာပဲလို့ အဲလိုပဲ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ အဲဒီတော့ ဒီ ၂၀၀၈ အခြေခံဥပဒေကို ငြင်းပယ်တယ်ဆို တဲ့ဟာကို ကျနော်တို့ဟာ ကျနော်တို့ဟာကျနော်တို့ ငြင်းနေရုံနဲ့မပြီးဘူး။ ပြည်သူလူထုကိုယ်တိုင်ကလည်း ငြင်းလာအောင်လည်း ကျနော်တို့က တိုက်တွန်းနေရတယ်။
နယ်ခြားစောင့်တပ်ကိစ္စတွေ၊ တိုင်းရင်းသား ဆိုင်းဘုတ်တပ်ပါတီတွေနှင့် နိုင်ငံရေးစစ်ရေး တိမ်တောင်တွေ ထူနေပြန်ပီ။ မြန်မာပြည်ဆိုသည်မှာ မြန်မာ(ဗမာ)များ၏ လက်နက်နိုင်ငံလော၊ တိုင်းရင်းသားပေါင်းစုံ၏ ခွင့်တူညီမျှသော ပြည်ထောင်စုလော။ တိုင်းပြည်အဝှန်းကို တို့အိမ်တို့ယာမှတ်ကာ လူတစုက ချယ်လှယ် အမြတ်ထုတ်နေမှုများ ဘယ်အချိန်ဆုံးမည်နည်း။ လူမျိုးရေးဘာသာရေးမှိုင်းတိုက်၍ နိုင်ငံရေးလုပ်သည့် ခေတ်စံနစ်ယဉ်ကျေးမှုတွေကို ပြည်ဖုံးကားချကြပါစို့။
ကျနော် မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့နဲ့ ပတ်သက်ပြီးတော့ သွားသတိရ တယ်ဗျာ။ အဲ့ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲကို ရောက်နေတယ်။ ကျနော်တို့တွေက အပြင်မှာပေါ့ဗျာ။ အဲ့ဒီတော့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းနားတွေ ကျင်းပတယ်။ ဌာနချုပ်မှာလည်း ကျင်းပပါတယ်။ နောက်ပြီးတော့ အခြားသော ဒီလှုပ်ရှားမှုတွေအများကြီး ဒီလူငယ်တွေက လှုပ်ရှားတာ၊ ထောင်ကျမိသားစုတွေကနေ လှုပ်ရှားတာ၊ ဆုတောင်းပွဲတွေလုပ်တာ စသည်ဖြင့် အများကြီးလုပ်ခဲ့ပါတယ်။
အမှန်တရားနှင့် အလွန်ဝေးကွာနေသော အရာမရှိပါ။ ယခု ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံကျသော အချက်တစ်ခုအပေါ် သဘောတူညီရေးဘဲ ဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် (A Force)အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေး ဆိုသည်မှာလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုအဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်းသည်သာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ်အရာ (sine qua non) ဖြစ်သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ်တစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။














