Friday, September 10, 2010

ပေါ်လစီ

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On May - 14 - 2009

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
မူဝါဒနှင့် သဘောထားများ

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၏ လုပ်ငန်းမူဝါဒ (၄) ရပ်

၁။ ဒီမိုကရေစီအင်အားစုများအတွင်း စုစည်းညီညွတ်စွာဖြင့် အားကောင်းသည့် နိုင်ငံရေး လှုပ်ရှားမှုများ ဖော်ဆောင်ရန်။

၂။ ဒီမိုကရေစီအင်အားစုများအနေဖြင့် လူထုအခြေခံဖော်ထုတ်ရေးနှင့် လူထုပါဝင်မှုများ မြှင့်တင်သွားရန်။

၃။ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားရန်။

၎။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို အဆင့်တိုင်းတွင် အလေးထား၍ မြှင့်တင်သွားရန်။


မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၏ မဟာဗျူဟာ လုပ်ငန်းစဉ်ရည်မှန်းချက် (၄) ရပ်

၁။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအား ကျစ်လစ်ခိုင်မာပြီး စွမ်းဆောင်ရညမြင့်သော နိုင်ငံရေးအင်အားစုတရပ်အဖြစ် စုစည်းတည်ဆောက်သွားရန်။

၂။ ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုများအတွင်း မဟာဗျူဟာ ညှိနှိုင်းဆက်စပ်လုပ်ဆောင် မှုများ ဆောင်ရွက်သွားရန်။

၃။ လူထုတိုက်ပွဲများပေါ်ပေါက်လာရေးအတွက် ဦးတည်ကြိုးပမ်းသွားရန်။

၎။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအ၀န်းအ၀ိုင်းမှ ဟန်ချက်ညီ စုပေါင်းအားထုတ်မှုများဖြင့် မြန်မာပြည်အရေး၌ ထိထိရောက်ရောက် ပါဝင်ဖြေရှင်းလာစေရေးအတွက် ကြိုးပမ်းသွားရန်။

တိုက်ပွဲနည်းနာ

၁။ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် တိုက်ပွဲသဏ္ဌာန်မျိုးစုံ၊ နည်းပရိယာယ် ကြွယ်ကြွယ်ဖြင့် ဆောင်ရွက်သွားမည်။


ညီညွတ်ရေးမူများ

၁။ လက်တွေ့အလုပ်အားဖြင့် ညီညွတ်ရေး။

၂။ စည်းရုံးရေးဘောင်ကို အဖွဲ့ဝင်အဖွဲ့အစည်းအားလုံး၏ ဆန္ဒဖြင့် ဆက်လက်ချဲ့ထွင်ရေး။

၃။ အဖွဲ့ဝင်အားလုံး တန်းတူရေး။

၎။ စုပေါင်းခေါင်းဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှုရှိရေး။

၅။ တစ်ဖွဲ့ချင်းအကျိုးစီးပွားထက် တစ်ခုလုံးအကျိုးစီးပွားကို အလေးထားသည်နှင့်တပြိုင်နက် တစ်ဖွဲ့ချင်းစီ၏ လွတ်လပ်မှုကို မထိခိုက်စေရေး။

၆။ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအရ တာဝန်ပေးအပ်ရေး၊ ခွဲတမ်းစနစ်ပေါ် အခြေမခံ ရေး။

၇။ အရေးကြီးသော နိုင်ငံရေးကိစ္စများတွင် အဖွဲ့ဝင်အဖွဲ့စည်းအားလုံးနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်ဖြစ်သည့် တသီးပုဂ္ဂလများ၏ ဆန္ဒတူညီမှုကို အတည်ပြု ညှိနှိုင်းဆောင်ရွက် သွားရေး။

၈။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုက ချမှတ်ထားသော အခြေခံမူများ၊ လုပ်ငန်းစဉ်များ အပေါ်တွင် အဖွဲ့ဝင်အဖွဲ့စည်းတိုင်းက တိကျစွာလိုက်နာအကောင်အထည်ဖော်ရေး။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပတ်သက်သည့် သဘောထား

ယနေ့မြန်မာပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဆိုသည်မှာ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ရှည်ကြာနေသော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာနှစ်ရပ်ကို အခြေခံကျကျ ဖြေရှင်းရေးပင်ဖြစ်သည်။

ဤသို့ဖြေရှင်းရာတွင် ပါဝင်ပတ်သက်နေသည့် အင်အားစု အသီးသီးအကြား ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းရန်နှင့် အတူတကွ လက်တွဲအလုပ် လုပ်နိုင်ရန် ဖြစ်သည်။

သို့မှသာ စစ်မှန်သော ပြည်ထောင်စုနှင့် စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ရေး ရည်မှန်းချက်အတွက် အဓိကလိုအပ်ချက် ဖြစ်သည့် တစ်မျိုးသားလုံး၏ စည်းလုံး ညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်သည်။

ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အောက်ပါသဘောထားခံယူချက်များနှင့် အညီ ဆောင်ရွက်သွားကြရပေမည်။

  • အမြော်အမြင်ရှိမှု
  • အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှု
  • တန်းတူရည်တူရှိမှု
  • ငြိမ်းချမ်းစွာအဖြေရှာလိုမှု
  • အတူလက်တွဲနေထိုင်လိုမှု
  • တဦးချင်းအကျိုးစီးပွားနှင့် တစ်ခုလုံးအကျိုးစီးပွားအကြားဟန်ချက်ညီမှု

ဤရည်မှန်းချက်နှင့် သဘောထားခံယူချက်များအောက်တွင် မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုသည် မည်သည့် အဖွဲ့အစည်းနှင့်မဆို တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်။

တပ်ပေါင်းစုနှင့်ပတ်သက်သည့် သဘောထား

ယနေ့ကာလတွင်ပုံစံအသီးသီးဖြင့် စုစည်းထားသောတပ်ပေါင်းစုများ ရှိနေသော်လည်း အနှစ်သာရရှိသော၊ အားလုံးကို လွှမ်းခြုံနိုင်သော၊ ဘုံလုပ်ငန်းစဉ်တစ်ရပ်အောက်တွင် စုစည်းနိုင် သော၊ တပ်ပေါင်းစုတစ်ရပ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိသေးချေ။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအနေဖြင့် ဤဆုံချက်လိုအပ်ချက်ကို ပေါ်ပေါက်မှုရှိစေရန် တက်ကြွစွာကြိုးပမ်းသွားမည်။

အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုတည်ဆောက်ရေးအပေါ် သဘောထား

  • ယနေ့မြန်မာပြည်နိုင်ငံရေးအခြေအနေသည် ပြည်သူတိုင်း၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတိုင်း ညီညီညာညာဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြရမည့်ကာလ ဖြစ်သည်။
  • တည်ရှိသော ပြဿနာများကို ဖြေရှင်းကြရာတွင် တဖွဲ့၊ တပါတီချင်း ဖြေရှင်းရန် မဖြစ်နိုင်ချေ၊ အင်အားစုအသီးသီးပါဝင်သော ကြီးမားကျယ်ပြန့်သည့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုကြီ တရပ်ဖြင့်သာ ဖြေရှင်းနိုင်မည်။
  • သို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်သော (သို့မဟုတ်) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀န်းရံသော အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုကြီးတရပ်ကို အနှစ်သာရရှိရှိ ဖွဲ့စည်း တည်ဆောက်ကြရမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သဘောထား

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ယနေ့ကာလ မြန်မာပြည်ဒီမိုကရေစီဖြစ်ပေါ် ပြောင်းလဲ မှုဖြစ်စဉ်တွင် အဓိကကျသော အခန်းကဏ္ဍတွင် တည်ရှိသည်။
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံသွားမည်။
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အပြုသဘောဖြင့် ဝေဖန်အကြံပြုသွားမည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦး၊ လူထု ခေါင်းဆောင်တဦးအဖြစ် နိုင်ငံတကာနှင့် ပြည်သူတရပ်လုံးက အသိအမှတ်ပြုထားသည့်တွက် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ရမည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

၁။ ၁၉၉၀ ရွေးကောက်ပွဲသည် ပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒအမှန်များကို ထပ်ဟပ်ဖော်ပြခဲ့ခြင်းဖြစ်၍ ၎င်းရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုထောက်ခံသည်။

၂။ မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုသော လုပ်ငန်းစဉ်ပါဝင်ရမည်။

တွေ့ဆုံဆွေးနွေးရေးအပေါ် သဘောထား

  • မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာ၌ အညင်သာဆုံး အချောမွေ့ဆုံးလမ်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေံပေါ်တွင် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်သည်။

  • ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းပြည်၌တည်ရှိနေသော အင်အားစုအားလုံးပါဝင်နိုင်ပြီး လွတ်လပ်မှု၊ တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ရှိသော တွေ့ဆုံး ဆွေးနွေးပွဲတစ်ရပ် လိုပါပါသည်။

  • လတ်တလောကာလ၌ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူလူထုကရွေးချယ်ထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်အုပ်စုတို့ ဆွေးနွေးကြရမည်။
  • ထိုမှတဆင့် တိုင်းရင်းသားအင်အားစုများအပါအ၀င် အင်အားစုအသီးသီးပါဝင်သော တွေ့ဆုံ ဆွေးနွေးပွဲကြီးတစ်ရပ်ကို မလွဲမသွေ ပြုလုပ်ကြရမည်။

လက်ရှိ နအဖ အမျိုးသားညီလာခံအပါအ၀င် လမ်းပြမြေပုံ (၇)ချက်အပေါ် သဘောထား

နအဖစစ်အုပ်စုမှ ချမှတ်ထားသည့် အမျိုးသားညီလာခံအပါအ၀င် လမ်းပြမြေပုံ (၇)ချက်သည် စစ်အာဏာရှင်စနစ်ရေရှည် တည်မြဲရေးအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီရေး ပြောင်းလဲမှု ဆုံးဖြတ်မှုဖြစ်စဉ်တွင် အဓိကကျသော နိုင်ငံရေးအင်အားစုများ၏ ပါဝင်မှုမရှိခြင်း၊ ပြည်သူလူထုတရပ်လုံး၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကိုယ်စားမပြုခြင်းတို့ကြောင့် လက်ရှိအမျိုးသားညီလာခံ အပါဝအ၀င် နအဖ၏ လမ်းပြမြေပုံကို လုံးဝလက်မခံ၊ နိုင်ငံတကာ နှင့် ပြည်သူလူထုအား စည်းရုံး၍ ဆန့်ကျင်တိုက်ပွဲဝင်သွားမည်။

အပစ်အခတ်ရပ်စဲထားသော အင်အားစုများအပေါ် သဘောထား

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင် ရန်အတွက် ရည်ရွယ်လုပ်ဆောင်သည့် ပထမခြေလှမ်းဖြစ်သည် ထိုမှတဆင့် တပြည်လုံးငြိမ်းချမ်းရေးသို့ တက်လှမ်းသွားရန်လိုသည်။

သို့ရာတွင် ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေးနှင့် လူမျိုးရေးအဆင့်နေရာကို (နအဖ) စစ်အစိုးရမှ ပစ်ပယ် လျစ်လှူရှုထားဆဲဖြစ်သည်။

ဤအခြေအနေတွင် အပစ်အခတ်ရပ်စဲထားသော အင်အားစုများအနေဖြင့် တပြည်လုံး ငြိမ်းချမ်းရေးသို့ တက်လှမ်းသွားနိုင်ရေးအတွက် ပိုမိုတက်ကြွ စွာ လှုပ်ရှားဆောင်ရွက်သွားရန် လိုသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများအတွက် တောင်းဆိုတိုက်ပွဲဝင်နေသော အပစ်အခတ်ရပ်စဲထားသော အင်အားစုများကို မိမိတို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုအနေဖြင့် ၀န်းရံထောက်ခံသွားမည်။

မြန်မာ့ဒီမိုကရေစီအရေးဖြေရှင်းရာတွင် နိုင်ငံတကာအင်အားစုအသီးသီးက ဆောင်ရွက်စေ လိုသည့် အမြင်သဘောထာ

၁။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏နိုင်ငံခြားရေးပေါ်လစီတွင် မြန်မာပြည်အရေးကို ဦးစားပေးထည့်သွင်း၍ သံတမန်ရေး လုပ်ဆောင်မှု များကို တက်ကြွစွာဆောင်ရွက်ရန်။

၂။ ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏မြန်မာပြည်အရေးနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံများမှ တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ရေး လုပ်ဆောင်ရန်။

၃။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂအကြားတွင် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု များရှိစေရန်။

၎။ အာဆီယံအနေဖြင့် မြန်မာပြည်အရေးကို ဒေသတွင်းအရေးအဖြစ် လတ်တလောဦးစားပေး သတ်မှတ်၍ အပြုသဘော တက်ကြွစွာပါဝင် ဆောင်ရွက်ရန်။ အာဆီယံအနေဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုရရှိရေး စည်းရုံးသွားရန် တက်ကြွသော အာဆီယံနိုင်ငံ တချို့မှ ကမကထပြုပြီး ဦးဆောင် ဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန်။

၅။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာပြည်နှင့်ပတ်သက်သော ဒေသတွင်းနိုင်ငံတကာ သဘောထားများအပေါ် ပူးပေါင်းဆောင်ရွက်ရန်၊ ‘သီးခြား မဆောင်ရန်’ လုံခြုံရေးကောင်စီတွင် ထောက်ခံ ဆွေးနွေးရန်။

၆။ တရုတ်နိုင်အနေဖြင့် မြန်မာပြည်နှင့်ပတ်သက်သည့် နိုင်ငံတကာနှင့် အာဆီယံလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်လာစေရန်။

၇။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာပြည်နှင့်ပတ်သက်သည့် နိုင်ငံတကာနှင့် အာဆီယံလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်လာစေရန်။

၈။ ကုလသမဂ္ဂအနေဖြင့် စောင့်ကြည့်အကဲဖြတ်ဝေဖန်ခြင်း၊ ဖိအားပေးခြင်းတို့အပြင် မြန်မာပြည်၏နိုင်ငံရေးပြဿနာကိုဖြေရှင်းမှုတွင် လုံခြုံရေး ကောင်စီမှ တက်ကြွစွာ ပါဝင်ဆောင်ရွက် ဖြေရှင်းရန်။

၉။ နိုင်ငံတကာအင်အားစုများအနေဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ပိုမိုညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်။

လူသားချင်းစာနာသော အကူအညီများနှင့်ပတ်သက်သော သဘောထား

၁။ မြန်မာနိုင်ငံတွင် ပြည်သူလူထုကြီးတရပ်လုံးမှာ အထွေထွေအကြပ်အတည်းများနှင့် ရင်ဆိုင် နေရသည်။ ထိုအကြပ်အနည်းများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အင်အားစု၏ ကူညီပံ့ပိုးမှုများ လိုအပ်လျှရှိသည်။

၂။ နိုင်ငံတကာမှပေးအပ်သော လူသားချင်းစာနာသည့် အကူအညီများ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် အခြေအနေများ ဖန်တီးရာတွင် နအဖ စစ်အုပ်စုသည် အဓိက အဟန့် အတားဖြစ်လျှရှိသည်။

၃။ ထို့ကြောင့် မြန်မာပြည်တွင်း၌ လူသားချင်းစာနာသော အကူအညီများပေးရေး အစီအစဉ်များ ဆောင်ရွက်လျှရှိသော နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အောက်ပါအခြေအနေများ နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်သည်။

  • မည်သည့်နယ်ပယ်တွင် အကူအညီ မည်မျှလိုအပ်ချက် ရှိနေသည်ဆိုသည်ကို လေ့လာ ဆန်းစစ်မှု ဦးစွာပြုရမည်။
  • လိုအပ်နေသော ပြည်သူများထံသို့ အကူအညီများ တိုက်ရိုက်ရောက်ရှိမှု ရှိရမည်။
  • ပွင့်လင်းမှုရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အကူအညီပေးရေး အစီအစဉ်မျိုးဖြစ် ရမည်။
  • လွတ်လပ်သော အကဲဖြတ်စောင့်ကြည့်မှုနှင့် ဆန်းစစ်သုံးသပ်မှု ရှိရမည်။
  • INGO များ၏ သဘောတူညီထားပြီးဖြစ်သော ကျင့်ဝတ်များကို လိုက်နာမှု ရှိရမည်။
  • လူထုအတွက် အကျိုးသက်ရောက်မှု ရှိမရှိကို သုံးသပ်စစ်ဆေးမှု ရှိရမည်။
  • အကူအညီများသည် လူထုစွမ်းအားမြှင့်တင်မှုကို ဖေါ်ဆောင်ပေးနိုင်သော ပတ်ဝန်းကျင် တရပ်ကို ဖန်တီးပေးမှု ရှိရမည်။
  • အကူအညီများသည် လွတ်လပ်သော လူထုအခြေပြုအဖွဲ့အစည်းများမှတဆင့် ဖြတ်သန်း စီးဆင်းရမည်။
  • နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာအဆင့်များရှိ သက်ဆိုင်အကျိုးဝင်သောပါတီ၊ လူထု အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုရှိရမည်။

ဒီမိုကရေစီ အခြေခံအုတ်မြစ်ဆိုင်ရာ သဘောထား

၁။ လွတ်လပ်မှုရှိ၍ အပြန်အလှန်ထိန်းကျောင်းမှုရှိသော ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ။

၂။ တရားမျှတ၍ လွတ်လပ်သော ကိုယ်စားပြုပါဝင်မှုကို အကျယ်ပြန့်ဆုံးလွှမ်းခြုံသော ရွေးကောက်ပွဲ စနစ်။

၃။ Universal Declaration of Human Rights နှင့် International Convention on Cultural and Political Rights ပါ အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများတည်ရှိမှု။

၎။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများတည်ရှိမှု။

၅။ လူထုအခြေပြုလူ့အဖွဲ့အစည်းများ (Civil Society) တည်ရှိမှု။

၆။ တရားဥပဒေစိုးမိုးမှု။

၇။ လွတ်လပ်သော သတင်းမီဒီယာများ တည်ရှိမှု။

၈။ ပြည်သူလူထု၏ နိုင်ငံရေး နိုးကြားမှုနှင့် ပါဝင်မှု။

အမျိုးသမီးများ၏ ပါဝင်မှုဆိုင်ရာ သဘောထား

မြန်မာပြည်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်များတွင် အမျိုးသမီးများ၏ တန်းတူရည်တူ ပါဝင်မှုရှိရမည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုများ ပပျောက်ရေး ဆိုင်ရာ သဘောတူညီချက်များ (CEDAW) နှင့်အညီ လိုက်နာ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်။

ကလေးသူငယ်ဆိုင်ရာ သဘောထား

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်များ (CRC) နှင့်အညီ လိုက်နာ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်။ အထူးသဖြင့် ကလေးသူငယ်စစ်သား အသုံးပြုမှု လုံးဝပပျောက်ရေးကို ကြိုးပမ်းသွားမည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောထား

မျက်မောက်နှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ရရှိခံစားပိုင်ခွင့် ရှိရမည်။ ရေရှည်တည်တံ့ခိုင်မာမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိန်းသိမ်း စောင့်ရှောက်ရမည်။ အာမခံရမည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များတွင် လူထုပါဝင်ဆုံးဖြတ် ပိုင်ခွင့်ရှိရမည်။

မူးယစ်ဆေးဝါးဆိုင်ရာ သဘောထား

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ်တရပ်အဖြစ် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။

လတ်တလော မြန်မာပြည်ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် သဘောထား

စစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုများအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံး ကို ရပ်ဆိုင်းရန်နှင့် ဒီမိုကရေစီတည်ဆောက်ရေး ဖြစ်စဉ်ကို ဦးတည်သော ပြောင်းလမှုများ ဖြစ်ပေါ်ချိန်မှသာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သဘောတူသည်။

(၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိပြုလုပ်သော ပထမအကြိမ်ညီလာခံမှ အတည်ပြုသည်။)

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့