မြန်နိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) မိတ်ဆက်
၁။ သမိုင်းနောက်ခံ
ရှစ်လေးလုံးမျိုးဆက်ဟု အများသိကြသည့် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတိုက်ပွဲဝင် ရဲဘော်များသည် မြန်မာပြည် ဒီမိုကရေစီအရေးတိုက်ပွဲအတွင်း ရှေ့တန်းမှ ပါဝင်နေကြဆဲဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာပြည်တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် နယ်စပ်ဒေသများသို့ ထွက်ခွဲခဲ့ကြပြီး မြန်မာပြည်သူလူထုတရပ်လုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် နေသူများ ဖြစ်ကြသည်။ နယ်စပ်အခြေပြု နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံနှင့် အနီးကပ်လက်တွဲကာ တိုက်ပွဲဝင်လျှက်ရှိသော ဤရဲဘော်များသည် လွန်ခဲ့သည့် အနှစ် (၂၀) ခရီးကြမ်းတိုက်ပွဲကာလအတွင်း လုပ်ငန်းနယ်ပယ် အသီးသီးတွင် အတွေ့အကြို ဗဟုသုတများ ရရှိခဲ့ကြပြီး ဖြစ်ပါသည်။
အဆိုပါ ရှစ်လေးလုံးမျိုးဆက်များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် တသီးပုဂ္ဂလများသည် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma) အဖြစ် စုစည်းကြရန် တညီတညွတ်တည်း သဘောတူခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်၊ ပထမအကြိမ်ညီလာခံအပြီးတွင် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။
FDB အား ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော အစိုးရအုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတခု ပေါ်ထွန်းလာရေးအတွက် ရှစ်လေးလုံးအင်အားစုများ၏ စုစည်းညီညွတ်သော စွမ်းအားဖြင့် ၀ိုင်းဝန်းကြိုးပမ်းသွားရန် ဖြစ်ပါသည်။ ထို့ပြင် မျိုးဆက်သစ်၏ ဦးဆောင်မှုအခန်းကဏ္ဍဖြင့် ဒီမိုကရေစီလှုပ်ရှားမှု ပိုမိုအားကောင်း လာစေရေးအတွက် လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည့်အပြင် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်တိုင်းတွင် ၎င်းမျိုးဆက် သစ်၏ အမြင်သဘောထားများကို ထင်ဟပ်စေရန်တို့အတွက်ပါ ရည်ရွယ်ပါသည်။ FDB သည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်းရှိ တိုင်းရင်းသား အင်အားစုများ၊ အခြားဒီမိုကရေစီအင်အားစုများနှင့်သာမက တည်ရှိဆဲ နိုင်ငံရေးမဟာမိတ်အင်အားစုများနှင့်ပါ အနီးကပ် လက်တွဲဆောင်ရွက်သွား မည်ဖြစ်ပါသည်။
အောက်ပါတို့သည် FDB ဖွဲ့စည်းရခြင်း၏ အရင်းခံအကြောင်းတရားများအနက် အဓိကကျသော အကြောင်းတရားများဖြစ်ကြပါသည်။
- လက်ရှိနိုင်ငံရေးအခြေအနေအောက်တွင် ဒီမိုကရေစီအင်အားများ၏ အမြင်သဘောထားနှင့် စွမ်းအားများကို ပိုမိုပေါင်းစပ်ရန် လိုအပ်နေခြင်း၊
- ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည့် လုပ်အားစုများ ပိုမိုစုစည်းရန် လိုအပ်နေခြင်း၊
- ဒီမိုကရေစီလှုပ်ရှားမှုအတွင်း မဟာဗျူဟာအရ ဆက်စပ်ဆောင်ရွက်သည့် လုပ်ငန်းများတွင်သာမက လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများအကြား ဆက်စပ်ဆောင်ရွက်မှုများတွင်ပါ ပံ့ပိုးကူညီရန် လိုအပ်နေခြင်း၊
- ဒီမိုကရေစီတိုက်ပွဲအတွက် လူထုအခြေခံများ ဖော်ထုတ်ရန်နှင့် တိုက်ပွဲအတွင်း လူထုပါဝင်မှုများ မြှင့်တင်ရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေခြင်း၊
- မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားမြှင့်တင်ရန် လိုအပ်နေခြင်း၊
- မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေမှန်များနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအား စနစ်တကျ လေ့လာသုံးသပ်၍ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ဦးဆောင်နေသူများအား တင်ပြရန် လိုအပ်နေခြင်း။
၂။ ရည်မှန်းချက်
- စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒယ်ရယ်ပြည်ထောင်စု တည်ဆောက်ရေး။
၃။ အဖွဲ့အစည်းအဓိပ္ပါယ်ဖွင့်ဆိုချက်
FDB သည် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့တိုင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနယ်ပယ် အသီးသီးတွင်ရှိနေကြသော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလ များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ်နိုင်ငံရေးတပ်ပေါင်းစုဖြစ်သည်။ FDB သည် ဒီမိုကရေစီရေးတိုက်ပွဲအတွင်း တက်ကြွသော အင်အားစု တရပ်အဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး ဒီမိုကရေစီရရှိရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒီမိုကရေစီအင်အားစုများအတွင်း ထိရောက်သည့် နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ခြင်း၊ လူထုအခြေခံများ ဖော်ထုတ်ခြင်းနှင့် လူထုပါဝင်မှုများ မြှင့်တင်ခြင်း၊ ဒီမိုကရေစီအင်အားစု များနှင့် တိုင်းရင်းသား အင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားမြှင့်တင်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
၎။ တိုက်ပွဲနည်းနာ
FDB သည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် တိုက်ပွဲသဏ္ဌာန်မျိုးစုံ၊ နည်းပရိယာယ်ကြွယ်ကြွယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
၅။ FDB ၏ မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက် (၄) ရပ်
၁။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအား ကျစ်လစ်ခိုင်မာပြီး စွမ်းဆောင်ရည်မြင့်သော နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် စုစည်းတည်ဆောက်သွားရန်၊
၂။ ဒီမိုကရေစီရေးတိုက်ပွဲတွင် အင်အားစုများအတွင်း ညီညွတ်သော ဦးဆောင်မှုကို ဖေါ်ဆောင်သွားရန်၊
၃။ လူထုတိုက်ပွဲများ ပေါ်ပေါက်လာရေးအတွက် ဦးတည်ကြိုးပမ်းသွားရန်၊
၎။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ စုပေါင်းအားထုတ်မှုဖြင့် မြန်မာ့အရေးကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းလာစေရေးအတွက် ကြိုးပမ်းသွားရန်၊
၆။ ရှေ့လုပ်ငန်းစဉ် (၉) ရပ်
၁။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအား ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ခြင်း
၂။ မဟာဗျူဟာညှိနှိုင်းတိုင်ပင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း
၃။ မဟာမိတ်အဖွဲ့အစည်းများနှင့် ဘုံလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း
၎။ တက်ကြွလှုပ်ရှားသူအင်အားစု ကွန်ယက်များ တည်ဆောက်ခြင်း
၅။ လှုံ့ဆော်ပညာပေးရေးနှင့် ကိုယ်စီအခွင့်အရေးတိုက်ပွဲများ ဆက်စပ်ဆောင်ရွက်ခြင်း
၆။ တနိုင်ငံလုံး အတိုင်းအတာဆောင်သော လူထုလှုပ်ရှားမှုများ ဖေါ်ဆောင်ခြင်း
၇။ စစ်တပ်/ရဲစသည်တို့အား ပြည်သူ့ဖက်ပါဝင်လာစေရန် စည်းရုံးခြင်း
၈။ ရန်သူယန္တရား မတည်မငြိမ်ဖြစ်အောင်/ မခိုင်မာအောင် လုပ်ဆောင်ခြင်း
၉။ နိုင်ငံတကာမှ မိမိတို့၏ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကြောင်းကို ထောက်ခံပံ့ပိုးစေရေးနှင့် စစ်အာဏာစံနစ်သက်ဆိုးရှည်မှု ဆောင်ရွက်နေမှုများကို ဟန့်တားစေရေး စည်းရုံးလှုံ့ဆော်ခြင်း
၇။ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
FDB ညီလာခံသည် FDB ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်သည်။ ညီလာခံအား FDB ၏ အဖွဲ့ဝင်အဖွဲ့စည်းများ၊ တသီးပုဂ္ဂလများဖြင့် နှစ်နှစ်တကြိမ် ကျင်းပသည်။
FDB ၏ လုပ်ငန်းကော်မတီတွင် မူဝါဒရေးရာဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နှင့် လုပ်ငန်းကော်မတီများ ပါဝင်သည်။
မူဝါဒရေးရာဦးဆောင်အဖွဲ့အား အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် နှစ်ဦးမှ ငါးဦးစီဖြင့် ဖွဲ့စည်းသည်။ တသီးပုဂ္ဂလများ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့၌ ပါဝင်ခွင့်ကို အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အားလုံးသဘောတူညီချက် (Consensus)ဖြင့် ဆုံးဖြတ်သည်။ မူဝါဒရေးရာဦးဆောင်အဖွဲ့သည် ညီလာခံသက်တမ်းအတွင်း မူဝါဒ ချမှတ်ရာတွင်လည်းကောင်း၊ အတွင်းရေးမှူးအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းများအား ကြီးကြပ်ရာတွင်လည်းကောင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်သည်။
အတွင်းရေးမှူးအဖွဲ့အား အတွင်းရေးမှူးချုပ်တဦး၊ ဒုတိယအတွင်းရေးမှူးချုပ်နှစ်ဦးနှင့် လုပ်ငန်းကော်မတီများများ၏ အတွင်းရေးမှူး၊ ဒုတိယ အတွင်းရေးမှူးများဖြင့် ဖွဲ့စည်းသည်။ အတွင်းရေးမှူးအဖွဲ့သည် ညီလာခံနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့တို့မှ ချမှတ်ထားသည့် မူဝါဒများအား အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ လုပ်ငန်းစဉ်များအား စီမံကိန်းခွဲရာတွင်လည်းကောင်း အပြည့်အ၀တာဝန်ရှိသည်။
အတွင်းရေးမှူးချုပ်နှင့် ဒုတိယအတွင်းရေးမှူးချုပ်တို့အား ညီလာခံ၌ မူဝါဒရေးရာဦးဆောင်အဖွဲ့မှ တိုက်ရိုက်ရွေးချယ်သည်။ လုပ်ငန်းအဖွဲ့များ၏ အတွင်းရေးမှူးနှင့် ဒုတိယအတွင်းရေးမှူးများအား မူဝါဒရေးရာဦးဆောင်အဖွဲ့မှ ရွေးချယ်သည်။ အတွင်းရေးမှူးချုပ် သုံးဦးသည် အတွင်းရေးမှူး အဖွဲ့နှင့် FDB ရုံးအား တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် လုပ်ငန်းအဖွဲ့များအား ကြီးကြပ်ရမည်ဖြစ်ပြီး FDB နှင့် ၎င်း၏အဖွဲ့ဝင် အဖွဲ့အစည်းများအကြား ဆက်စပ်ပေးရမည်။ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းပုံအပြောင်းအလဲအား မူဝါဒရေးရာ ဦးဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်နိုင်သည်။
ဤညီလာခံသက်တမ်းအတွင်း ပြည်တွင်းလုပ်ငန်းကော်မတီ၊ နိုင်ငံခြားရေးကော်မတီနှင့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီတို့ကို ဖွဲ့စည်း သည်။
ပြည်တွင်းလုပ်ငန်းကော်မတီသည် ပြည်တွင်းလုပ်ငန်းအား အဓိကလုပ်ဆောင်ရမည့် ကော်မတီဖြစ်သည်။ ၎င်းကော်မတီသည် FDB အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ပြည်တွင်းလုပ်ငန်းများအား ဆက်စပ်လုပ်ဆောင်သည့်ကော်မတီဖြစ်သည်။ ထို့ပြင် NCUB ၏ နိုင်ငံရေး အံတုမှုကော်မတီနှင့် သော်လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းကွန်ယက်များရှိသော အခြားအဖွဲ့များနှင့်သော်လည်းကောင်း တက်ကြွစွာ ဆက်စပ်လုပ်ဆောင်သည်။
နိုင်ငံခြားရေးကော်မတီသည် နိုင်ငံတကာမှ မြန်မာ့အရေးအပေါ် ပိုမိုအာရုံစိုက်လာစေရေးအတွက် စည်းရုံးလှုံ့ဆော်ရာတွင်လည်းကောင်း၊ မြန်မာ့အရေးထောက်ခံသူများနှင့် လုပ်ငန်းကွန်ယက်များ တည်ဆောက်ရာတွင်လည်းကောင်း၊ မြန်မာ့နိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာ အစိုးရ များ၏ မူဝါဒများကို သုတေသနပြုရာတွင်လည်းကောင်း အဓိက တာဝန်ရှိသည်။
သတင်းပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီသည် မီဒီယာစည်းရုံးလှုံ့ဆော်မှု၊ သတင်းဆက်စပ်မှုနှင့် ထုတ်ပြန်မှု၊ သတင်းမှတ်တမ်းထိန်းသိမ်းမှု စသည်တို့တွင် အဓိကတာဝန်ရှိသည်။
၈။ ပါဝင်သော အဖွဲ့အစည်းများ
(၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊
(၂) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)
(၃) မြန်မာ့အမျိုးသမီးသမဂ္ဂ၊
(၄) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
(၅) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊
(၆) ပြည်သူ့ကာကွယ်ရေးတပ်နှင့်
(၇) ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊
(၈) တသီးပုဂ္ဂလများ၊
(၉) ဒုတိယအကြိမ်ညီလာခံမှ တာဝန်အပ်နှင်းထားသော အတွင်းရေးမှူးအဖွဲ့
(၁) ကိုနိုင်အောင် အတွင်းရေးမှူးချုပ်
(၂) ကိုငွေလင်း ဒုတိယအတွင်းရေးမှူးချုပ်
(၃) ကိုကျော်ထက် ဒုတိယအတွင်းရေးမှူးချုပ်
(၄) ကိုမင်းနိုင် အတွင်းရေးမှူး (ပြည်တွင်းလုပ်ငန်းကော်မတီ)
(၅) ကိုတိတ်နိုင် ဒုတိယအတွင်းရေးမှူး (ပြည်တွင်းလုပ်ငန်းကော်မတီ)
(၆) ကိုမြင့်ဟိဏ်း ဒုတိယအတွင်းရေးမှူး (ပြည်တွင်းလုပ်ငန်းကော်မတီ)
(၇) ကိုတိုးတိုးထွန်း အတွင်းရေးမှူး (သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ)
(၈) ကိုတင်အေး ဒုတိယအတွင်းရေးမှူး (သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ)
(၉) မခင်ဥမ္မာ အတွင်းရေးမှူး (နိုင်ငံခြားရေးကော်မတီ)
(၁၀) ကိုစိုးအောင် ဒုတိယအတွင်းရေးမှူး (နိုင်ငံခြားရေးကော်မတီ)
(၁၁) ကိုသွင်လင်းအောင် ဒုတိယအတွင်းရေးမှူး (နိုင်ငံခြားရေးကော်မတီ)















