Tuesday, September 7, 2010

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားကြ

Posted by မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု On February - 4 - 2010 စာပုံနှိပ်ရန် စာပုံနှိပ်ရန်

တပ်မတော်သားဟောင်းတဦး
NEJ : ၄/ ဖေဖော်ဝါရီ ၂၀၁၀

ပြည်တွင်း ပြည်ပ၊ ပါတီတွင်း ပါတီပ အကြောင်းအချက်များအရ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အုပ်စုရဲ့ ဗကပ ဖြိုခွဲရေးလုပ်ကြံမှု အောင်မြင်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဗမာပြည် လက်နက်ကိုင်တော်လှန်ရေး ဒီရေဟာ နိမ့်ဆင်းသွားခဲ့တယ်။ အဲဒီအခြေအနေမှာ မိုးဦးကျ မှိုတွေ၊ မျှစ်တွေ အလျှိုအလျှို ပေါက်လာသလို အပစ်ရပ်အဖွဲ့တွေ ပေါ်လာကြတယ်။

န၀တစစ်အုပ်စုဟာ အပစ်ရပ်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက်ကိုင်ဆောင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခွင့်ကိုတောင် ပေးခဲ့တယ်။ ရည်ရွယ်ချက်က အပစ်ရပ်အဖွဲ့တွေကို အမျိုးသားတန်းတူရေး နိုင်ငံရေးအင်အားစုများအဖြစ်မှ စီးပွားရေးအင်အားစုများအဖြစ် ပြောင်းလဲဖျက်ဆီးပစ်ဖို့ဖြစ်တယ်။ သူတို့အလိုကျမဖြစ်ရင် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့ အဖွဲ့အစည်းများ အဖြစ် တရားခံရှာဖို့ဖြစ်တယ်။ ဒီနည်းနဲ့ အပစ်ရပ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလက္ခဏာ လုံးပါးပါးစေပြီး၊ အဲဒီအဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်တပ်တွေကို အပိုင်စီးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ဖြစ်တယ်။ တပြည်လုံးဆိုင်ရာ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြီးနဲ့ ကင်းကွာသွားစေဖို့ဖြစ်တယ်။

၁၉၈၉ ကာလနဲ့ အဲဒီမတိုင်မီကာလများက န၀တစစ်အုပ်စုရဲ့ အဓိက ဦးတည်ရန်သူဟာ ဗကပ ဖြစ်တယ်။ တပြည်လုံးလက္ခဏာနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အဓိကနိုင်ငံရေးအင်အားစု ဗကပ ပြိုကွဲသွားပြီလို့ ယူဆပြီးတဲ့နောက် နအဖရဲ့ အဓိက ဦးတည်ရန်သူဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အပြတ်အောင်ပွဲရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖြစ်လာတယ်။ အန်အယ်လ်ဒီကို ဦးတည်ချေမှုန်းနိုင်ဖို့ အန်အယ်လ်ဒီက သပိတ်မှောက်ထားတဲ့ ညောင်နှစ်ပင်ညီလာခံကို ‘အပစ်ရပ်အဖွဲ့’ တွေ တက်လာအောင် နအဖ က အကွက်ဆင်ခဲ့တယ်။ အပစ်ရပ်အဖွဲ့တွေ အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီအင်အားစု မှန်သမျှအကြား အပြန်အလှန် ဆက်စပ်ခွင့်မရအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ချုပ်ချယ်ကန့်သတ်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသားတန်းတူရေးလှုပ်ရှားမှုကို မပေါင်းစည်းမိအောင် ရည်ရွယ်တာပဲဖြစ်တယ်။

အပစ်အခတ်စရပ်စဉ်က အပစ်ရပ်အဖွဲ့တွေရဲ့ အမျိုးသားတန်းတူရေးဆိုင်ရာ နိုင်ငံရေးတောင်းဆိုချက်တွေကို နအဖက ထမင်းရည်ပူလာ လျှာလွှဲလုပ်ခဲ့တယ်။ သူတို့ (နအဖ) ဟာ တပ်မတော်အစိုးရဖြစ်တဲ့အတွက် နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ကျမှ ဆွေးနွေးပါဆိုပြီး ပယ်ချခဲ့တယ်။ အန်အယ်လ်ဒီကို ဦးတည်တိုက်ခိုက်ဖို့ လိုအပ်လာမှ အပစ်ရပ် အဖွဲ့တွေကို ညောင်နှစ်ပင်ညီလာခံထဲ ဆွဲသွင်းလာတာဖြစ်တယ်။ အပစ်ရပ်အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသားတန်းတူရေးဆိုင်ရာ နိုင်ငံရေးတောင်းဆိုချက်တွေကို တင်ပြတောင်းဆိုခဲ့ပေမယ့် ဘာတခုမှ အသိအမှတ်ပြုမခံခဲ့ကြရဘူး။

၁၉၉၈ တုန်းက န၀တရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်ဟာ ဗကပ ဖြိုခွဲရေး၊ ဒီမိုကရေစီအင်အားစုများ၊ တောခို ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဗကပ အကြား အဆက်ဖြတ်ရေး၊ ၁၉၆၆ ခုနှစ်က တရုတ်-ဗမာအရေးအခင်း ဖန်တီးမိခဲ့လို့ မျက်နှာပျက်ခဲ့ရတဲ့ တရုတ်အစိုးရနဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်။

လက်ရှိ နအဖရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး၊ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကို အပြတ်ချေမှုန်းရေး၊ နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဒီမိုကရေစီအင်အားစုများအား အညံ့ခံ ပြည်တော်ပြန်လာစေရေး၊ ၎င်းတို့အကျိုးစီးပွားအတွက် အမေရိကန်နဲ့ ပြန်လည်ရင်ကြားစေ့ရေးဖြစ်တယ်။

ဖော်ပြပါ လက်တွေ့နိုင်ငံရေးစီမံချက်ရဲ့ အရေးကြီး အစိတ်အပိုင်းအဖြစ် နအဖဟာ အပစ်ရပ်အဖွဲ့တွေရဲ့ လက်နက်ကိုင်တပ် တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အသွင်ပြောင်းဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်။ အဖွဲ့အစည်းတွေကိုတော့ အဆိပ်မရှိတဲ့ မြွေဖြစ်အောင်လုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သနပ်ခါးလိမ်း ပန်းပန်ပေးရေးမှာ အသုံးချနိုင်ဖို့ ကြံစည်နေတယ်။

လက်တွေ့မှာ အပစ်ရပ်အဖွဲ့အများစုဟာ နယ်ခြားစောင့်တပ်လုပ်ရေး၊ ပြည့်သူ့စစ်လုပ်ရေးကို ငြင်းဆန်နေကြတယ်။ နယ်ခြားစောင့်တပ်လုပ်ရေး လက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ တပ်မှူး၊ တပ်သားတွေဟာလည်း စုဖွဲ့မှုကာလအတွင်းမှာပဲ ထွက်ပြေးနေကြတယ်။ ဒီဖြစ်ရပ်တွေကတဆင့် သိနိုင်တာက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အန်အယ်လ်ဒီနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ရပ်တည်ချက် တူနေကြပြီဆိုတာပဲဖြစ်တယ်။ လက်ရှိအခြေအနေ၊ အချက်အလက်တွေကို ကြည့်ရင် အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစုများနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ကံတူအကျိုးပေးဆိုတာ ထင်ရှားနေပြီ ဖြစ်တယ်။

တလျှောက်လုံး နအဖစစ်အုပ်စုရဲ့ အပိုင်စီးအသုံးချခံနေရတဲ့ တပ်မတော်တွင်းမှာလည်း အထက်အောက် ခံစားခွင့်အကျိုးစီးပွား ကွာဟာချက်ကြီးမားတာကြောင့် တပ်တွင်းမကျေနပ်မှုတွေ တနေ့တခြား ကြီးထွားလာနေပြီဖြစ်တယ်။ အမိန့်နာခံမှု ကောင်းတယ်ဆိုတဲ့ တိုက်ခိုက်ရေးတပ်မတွေအတွင်းမှာတောင် ဆန္ဒပြမှုတွေပေါ်တဲ့အတွက် ဖမ်းတာဆီးတာတွေ လုပ်ပြီး ကြိုးစားထိန်းသိမ်းနေရတယ်။ တပ်ပြေးတွေ တနေ့တခြား ပိုများလာပြီး ဖွဲ့စည်းပုံပြည့်ရေးအတွက် ပြည်တွင်းပြည်ပက ဆန့်ကျင်နေတဲ့ကြားက ကလေးစစ်သားစုဆောင်းရေးကို မျက်နှာပြောင်တိုက် လုပ်နေရတယ်။ လတ်တလောမှာ လစာ (၁) သိန်းအောက်ဝန်ထမ်းတွေကို လစာ (၂) သောင်း ထပ်တိုးပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီသတင်းသာ အတည်ဖြစ်ရင် တပ်တွင်းမငြိမ်သက်မှုကို အကြောင်းပြုပြီး ပေါ်လာတဲ့ စီမံချက်လို့ ယူဆနိုင်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုးဟာ ဆေးမြီးတိုသာဖြစ်ပြီး တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်တဲ့ နည်းလမ်းမဟုတ်ဘူး။

တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့ဆိုရင် တပ်ပြုပြင်ပြောင်းလဲရေးကို အခြေခံကစပြီး လုပ်ရမယ်။ ဆိုလိုတာက တပ်မတော်ကို အသုံးချပြီး စီးပွားရေးမှန်သမျှ စစ်အုပ်စုက လက်ဝါးကြီးအုပ်ခြယ်လှယ်နေတာတွေကို ရပ်ဆိုင်းပစ်ရမယ်။ တပ်တွင်း အထက်အောက် ရပိုင်ခွင့်ကွာဟမှု ကြီးမားနေတာကို တရားမျှတမှုရှိအောင် ပြုပြင်ပစ်ရမယ်။ လွတ်လပ်တဲ့ တပ်တွင်း ဒါဘာဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်ပြီး အောက်ခြေအကြပ်တပ်သားများရဲ့ တရားမျှတတဲ့ တင်ပြချက်များကို ဖြေရှင်းပေးရမယ်။ ဒါတွေကို အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ဆိုရင် စစ်အုပ်စုရဲ့ အမိန့်ပေးဌာနအောက်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တပ်မတော်ဟာ ပြည်သူတွေ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်အရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီအစိုးရအပေါ် သစ္စာခံမှ၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်ယန္တရားကို ဖျက်သိမ်းပစ်မှသာဖြစ်နိုင်မယ်။

အထက်ပါအချက်က တဆင့်သိနိုင်တာက တပ်မတော်တွင်း အောက်ခြေတပ်မှူး အကြပ်တပ်သားများရဲ့ ဘ၀ တိုးတက်ကောင်းမွန်ရေးဟာ လစာတိုးပေးတာ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် စစ်အုပ်စုရဲ့အရပ်ဝတ် ရုပ်သေးအစိုးရတရပ် တည်ရှိရေး … စတာတွေ မဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ တပ်မတော်တွင်း အောက်ခြေတပ်မှူး၊ တပ်သားတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို ခံနေကြရတဲ့ ဘ၀တူတွေဖြစ်တယ်။ ဒါကြောင့် ဒီအင်အားစုသုံးခုဟာ အပြန်အလှန် ထောက်ခံ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားမှသာ မိမိတို့အသီးသီးရဲ့ ရည်မှန်းချက်တွေ အထမြောက်နိုင်မှာဖြစ်တယ်။ ပြည်သူတရပ်လုံးရဲ့ အားပေးထောက်ခံပါဝင်မှုကို ရရှိနိုင်မှာဖြစ်တယ်။ အကြောင်းကတော့ ဒီအင်အားစုသုံးခုရဲ့အရေးဟာ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အရေးတော်ပုံနဲ့ ပေါင်းစည်းနေလို့ဖြစ်တယ်။ ပေါင်းစပ်မှုမရှိဘဲ တကွဲတပြား လှုပ်ရှားရင် ရောက်ချင်တာက နိဗ္ဗာန်၊ ရောက်ရတာက ငရဲဖြစ်လိမ့်မယ်။

ဘယ်လိုအပြန်အလှန်ပေါင်းစပ်ကြမလဲ။ ဥပမာတခုအနေနဲ့ ထုတ်ပြရရင် အပစ်ရပ်အဖွဲ့တွေကို နအဖက အကြမ်းဖက် စစ်ဆင်လာခဲ့ရင် ဒီမိုကရေစီအင်အားစုမှန်သမျှက လူထုကြီးကို စည်းရုံးပြီး ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လူထုလှုပ်ရှားမှုကြီးနဲ့ နအဖလုပ်ရပ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုများရဲ့ လူထုလှုပ်ရှားမှုများကို နအဖက အကြမ်းဖက်ဖြိုခွဲလာခဲ့ရင် အပစ်ရပ်အဖွဲ့များအနေနဲ့ လူထုဆန္ဒပြဖော်ထုတ်မှုကို ထောက်ခံရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်ရေး စတဲ့ လှုပ်ရှားမှုများနဲ့ နအဖကို ဆန့်ကျင်ဖို့ဖြစ်တယ်။

တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ်အင်အားစုများကလည်း အထက်ဖော်ပြပါ အရေးအခင်းမျိုး ရင်ဆိုင်လာရတဲ့အခါ ဒီမိုကရေစီအင်အားစုများ၊ အပစ်ရပ်အဖွဲ့များ၊ ပြည်သူများရဲ့ တောင်းဆိုလှုပ်ရှားမှုများ ဘက်က ရပ်တည်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ လူထုအား အကြမ်းဖက် ပစ်ခတ်ရန် ပေးတဲ့ အမိန့်မှန်သမျှ မနာခံရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ခံပါဝင်ဖို့ဖြစ်တယ်။

တချိန်တည်းမှာ တပ်မတော်သားများရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အပစ်ရပ်အဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် လူမျိုးစုံပြည်သူတရပ်လုံးက အုံကြွထောက်ခံရေး၊ တပ်မတော်သားများကို နည်းမျိုးစုံဖြင့် ကူညီရေး၊ ကာကွယ်စောင့်ရှောက်ရေးဖြစ်တယ်။ ဒီနည်းနဲ့သာ ဒီမိုကရေစီအင်အားစုများ၊ အပစ်ရပ်အင်အားစုများ၊ တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သား မျိုးချစ် ပြည်ချစ်အင်အားစုများရဲ့ အရေးတော်ပုံ (၀ါ) လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အရေးတော်ပုံဟာ အောင်ပွဲရနိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။   ။

Leave a Reply

ဒီတပတ်မှာ ပြောချင်တာ

''၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူး ဒီဥပဒေအရ ဆိုရင် Parliamentary Government မဟုတ်ဘူး Presidential Government ပဲ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့။ NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း။"

(ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်သတင်းစကား ကောက်နုတ်ချက်)

(25-8-2010) RFA နှင့် ဦးညဏ်ဝင်းအင်တာဗျူးမှ

အပေါ်သို့