၂ဝ၁ဝ ဆိုတာ မနက်ဖြန် သဘက်ခါဆိုရင် ရောက်တော့ မယ်၊ ဗိုလ်သန်းရွှေက စစ်မှုထမ်းဟောင်းများ ညီလာခံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ဖို့ ထပ်မံကတိပြုရင်း သူ့လမ်းသူ ခြေလှမ်းမှန်မှန်နှင့် ဆက်လျှောက်ပြတယ်။
ဗိုလ်သိန်းစိန်က အာဆီယံဆမ်းမစ်မှာ ‘လိမ္မာရင် မင်းဖို့ပဲ’ ဆိုတာမျိုးနှင့် NLD ကို ဈေးကစားဖို့ ဇယားရွှေ့ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံပေးစာအပေါ် အလေးအနက်ပြုတယ်ဆိုတဲ့အချိုးနှင့် ဟိုလူနှင့် တွေ့ခွင့်ပေး၊ ဒီသံအမတ်နှင့် တွေ့ခွင့်ပေးဆိုတာမျိုးတွေ မူယာမာယာ လုပ်ပြတယ်။
ဒါတွေကို ကျနော်တို့ ဘယ်လိုဘာသာပြန်မလဲ၊ ဘယ်လိုသဘောထားမလဲ၊ ဘယ်လိုတုန့်ပြန်ကြမလဲ။
နအဖစစ်အစိုးရကတော့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေနှင့် ဒီမိုကရေစီပန်းတိုင်ဆီ ခရီးနှင်နေပြီလို့ ဘာသာပြန်မှာလား။
နအဖစစ်အစိုးရဟာ သူ့မြေပုံအညွှန်းနှင့်သူ ပြည်သူတရပ်လုံးရဲ့ နဖူးကို သိုက်တူးပြီး စစ်အာဏာရှင်စနစ် တရားဝင်ခွင့်ကို ရယူဖို့ အမြော်အမြင်ခေါင်းပါးစွာ အရူးအမူး ကြိုးစားနေတယ်လို့ ဘာသာပြန်မှာလား။
ဘာသာပြန်မှားရင် ထားရှိရမယ့် သဘောထား မှားသွားလိမ့်မယ်။ ထားရှိရမယ့် သဘောထား မှားသွားပြီဆိုရင် တုန့်ပြန်ပုံ၊ ဆောင်ရွက်ပုံ၊ အကောင်အထည်ဖော်ပုံတွေကအစ အကုန်လုံး တောက်လျောက် မှားသွားတော့မှာဖြစ်ပါတယ်။
















